ဒီနေ့ကတော့ ကျွန်တော်တို့ မိခင်တက္ကသိုလ် မွေးဖွားဖြစ်တည်ခဲ့တာ ( ၁၁ )နှစ်ပြည့်တဲ့နေ့ပဲဖြစ်ပါတယ်. . . ခုကျရောက်တဲ့ မွေးနေ့ကတော့ အကြမ်းဖက်စစ်အာဏာရှင် ကျဆုံးရေးအတွက် တတိုင်းတပြည်လုံးက အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်နေတဲ့ တော်လှန်ရေးကာလမှာဖြစ်လို့” တော်လှန် မွေးနေ့ ” အဖြစ် မှတ်ယူရမှာပါ… ”
တော်လှန် မွေးနေ့ “လို့ ဆိုတဲ့အတိုင်း တက္ကသိုလ်ရဲ့မွေးနေ့မှာ ဆရာ/ဆရာမများက အကြမ်းမဖက် အာဏာဖီဆန်ရေး ( CDM )လှုပ်ရှားမှု၊ ကျောင်းသား/သူများကလည်း ကျောင်းမတက်လှုပ်ရှားမှု၊ တချို့က LDF တချို့က PDF တချို့က ထောက်ပို့အဖြစ်နဲ့ တော်လှန်ရေးကို အသီးသီး ရရာအခန်းကဏ္ဍများမှ ပါဝင်တိုက်ပွဲဝင်လျက် ရှိကြပါတယ်… ကျောင်းသား/သူဟောင်း တချို့ဟာလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံထားရလျက်ရှိပါတယ်…
တက္ကသိုလ်ရဲ့ ပြည်သူ့ဆန္ဒနှင့်အညီ ရပ်တည်သော သူရဲကောင်းများကို ဂုဏ်ပြုထောက်ပံ့နိုင်ဖို့ လစဥ်ကြိုးစားနေတဲ့ အစီအစဥ်ဟာလည်း ကျောင်းသား/သူဟောင်းများရဲ့ အဓိကပါဝင်မှု ဦးဆောင်မှုနဲ့ ဆက်လက် ဆောင်ရွက်နိုင်လျက်ရှိပြီး အကူအညီများ လိုအပ်နေဆဲဖြစ်တာမို့ သက်ဆိုင်ရာကိုယ်စားလှယ်များနှင့် ချိတ်ဆက်ပြီး ကူညီပေးဖို့ကိုလည်း ထပ်လောင်း မေတ္တာရပ်ခံအပ်ပါတယ်ဗျ…
မနှစ်က ဒီလိုအချိန်မှာ Online Event ကျင်းပနိုင်ပြီး ယခုနှစ်ကို တက္ကသိုလ်မှာ ပွဲတစ်ခုအဖြစ် ကျင်းပမယ်လို့ စီစဥ်တိုင်ပင်ခဲ့ကြတာပါ… ဒါပေမယ့် လက်ရှိမှာတော့ တက္ကသိုလ်ကို အကြမ်းဖက်လူသတ်စစ်အုပ်စုရဲ့ အစေပါးအဓမ္မဘက်တော်သားများက ဝင်ရောက်နေထိုင်နေပြီး မတရားမှုတွေကို စိတ်လိုလက်ရပြုမှုနေလျက်ရှိပါတယ်… သူတို့ရဲ့ လုပ်ရပ်တွေကို သက်သေမှတ်တမ်းများစုဆောင်းထားရှိပြီး ပြည်သူ့တရားစီရင်ရေးနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားရမယ့်သူတွေ ဖြစ်ပါတယ်…
ကျွန်တော်တို့ တက္ကသိုလ်ရဲ့ မွေးနေ့ကို နောက်နှစ်များမှာ တက္ကသိုလ်တွင် ဆင်ယင်ကျင်းပနိုင်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်နေမှုများကလည်း အခရာကျပါတယ်…
ကျွန်တော်တို့ တက္ကသိုလ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် တော်လှန်ရေးတွင် မိမိရဲ့ ဆောင်ရွက်မှုတွေကို အင်တိုက်အားတိုက် ပိုမိုအားထုတ်ကြပြီး အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်…. ” စစ်အာဏာရှင် စနစ်မုချ ကျဆုံးရမည် “